လူပီသအောင် နေထိုင်ကြစို့ 

ဆောင်းပါးရှင် - ဗမာ့သွေး


ဒီနေ့ မြန်မာနိုင်ငံရဲ့ ပကတိ အနေအထား ကို ကြည့်ရင်တော့ ကျွန်တော်တို့ တိုင်းပြည်ဟာ အဆိုးရွားဆုံးရလဒ် တော်တော်များများကို ပိုင်ဆိုင် ထားရှိနေတာကို တွေ့ရှိရပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတဲ့ အဖြေကတော့ ရှင်းရှင်းလေးပါ။ သူတို့ ကိုယ်ကျိုးစီးပွားကလွဲပြီး ဘာကိုမှ အလေးမထားတဲ့ ပြည်သူ့လက်ထဲက အာဏာကို မတရား သိမ်းပိုက်ထားတဲ့ စစ်အာဏာရှင် စနစ်ဆိုးကြောင့်ဆိုတာ အားလုံး သိထားကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အခုချိန်ထိ သူတို့ လက်အောက်မှာ ရှိနေဆဲပါဘဲ။ သူတို့ကို ဘုံရန်သူအဖြစ် တိုက်ခိုက် ချေမှုန်းကြမယ်လို့ ကြွေးကြော်နေတဲ့ အခုရွေးကောက်ပွဲ ၀င်မည့်ပါတီများ အပါအ၀င် အဖွဲ့အစည်း တော်တော်များများက ပြောဆိုနေကြပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ စစ်မှန်တဲ့ ညီညွတ်ရေးကို အခုချိန်ထိလည်း မဖော်ဆောင်နိုင် ကြသေးပါဘူး။


လက်ရှိစစ်အာဏာရှင်တွေ ကျင့်သုံးတဲ့စနစ်က နယ်ချဲ့တွေ ကျင့်သုံးတဲ့ စနစ်နဲ့ သိပ်ပြီး ထူးခြားမှု မရှိလှပါဘူး။ သူတို့အာဏာ တည်မြဲရေး အတွက်ဆို အချင်းချင်းကို မက်လုံးပေးပြီး သွေးခွဲနေတာ မျက်ဝါးထင်ထင် တွေ့မြင်နေရတာပါဘဲ။ သူတို့ပေးတဲ့ မက်လုံးလေးတွေကို တပ်မက်နေတာက စလို့ အခုတော့ မတရားတဲ့ ဥပဒေကို အခြေခံတဲ့ ရွေးကောက်ပွဲကြီး ဖြစ်လာပါပြီ။ ဒီအချိန်ထိလည်း တစ်ယောက်ကို တစ်ယောက် လက်ညိုးထိုး စွပ်ဆွဲနေ ကြတုန်းပါဘဲ။

လက်ရှိအစိုးရက ကောက်ကျစ်ယုတ်မာတဲ့ နည်းလမ်းတွေကို အမျိုးမျိုး အသုံးချတာ အားလုံးသိပြီးသားဘဲ။ ထင်ပေါ်ကျော်ကြားတဲ့ အနုပညာရှင်တွေကို သုံးပြီး သမိုင်းကို ပြောင်းပြန်လှန်ဖို့ ကြိုးစားတယ်။ နံမည်ကြီး စာရေးဆရာတွေကို အသုံချပြီး သမိုင်းကို စောက်ထိုးရေးခိုင်းတယ်။ အဲဒီလူတွေကလည်း သူတို့ အခွင့်အရေးရရင် ပြီးရော ဆိုပြီး အာဏာရှင်အလိုကျ လိုက်လံဆောင်ရွက်ပြီး ပြည်သူလူထု မျက်လုံးကို အဆိပ်နဲ့ ပက်နေတာပါ။ နောက်ဆုံး ဘယ်လောက်အထိ ဆိုးလာလည်းဆိုတော့ ပြည်ပက နိုင်ငံရေး လှုပ်ရှားနေသူ မှန်သမျှကို လုပ်စားနေပါတယ်လို့ စွပ်စွဲ ပြောဆိုချင်တာနဲ့ ရောပြီး ဗိုလ်ချုပ်အောင်ဆန်းလို လူမျိုးကိုတောင် ပြည်သူလူထုက အမြင်မှားအောင် ရေးသားလာတာကို တွေ့ရှိရပါတယ်။

နိုင်ငံခြား တိုင်းပြည်မှာ နေထိုင်ပြီး မြန်မာ့နိုင်ငံရေးကို ကြိုးစားပမ်းစား ဆောင်ရွက်နေတဲ့ လူတွေကို သိမ်းကြုံးပြီး လုပ်စားနေပါတယ်လို့ ပြောတဲ့လူတွေ သတိထားသင့်တယ်။ ပြည်တွင်းမှာ အလုပ်အကိုင် မဖန်တီးပေးနိုင်လို့ နိုင်ငံတကာမှာ မြန်မာနိုင်ငံသားတွေ သန်းနဲ့ ချီပြီး ထွက်ပြီး အလုပ်လုပ်နေကြပါတယ်။ တိုင်းတပါးမှာ ရောက်ရှိနေပေမယ့် ကိုယ့်တိုင်းပြည်ကို တိုးတက်စေချင်လို့ နိုင်ငံအရေးကို လှုပ်ရှားနေသူတွေ အများကြီးပါ ဆိုတာကို သူကိုယ်တိုင် မသိတာလား၊ သိရဲ့သားနဲ့ တမင်ညစ်ပြီး ရေးလိုက်တာလား ပညာရှင် အမည်ခံထားပြီး စာရေးသားနေတာကို စဉ်းစားကြည့်လိုက်ရင် အသိသာကြီးပါ။ ဒို့တိုင်းပြည်မှာ အလုပ်အကိုင်တွေ ရှားပါးလာလို့ တိုင်းတပါးကို မြန်မာနိုင်ငံသားတွေ အလုပ်ထွက် လုပ်နေရတာကို ဘယ်လို နည်းနဲ့ အလုပ်အကိုင် ဖန်တီးပေးကြရင် ကောင်းမလဲဆိုတာ ပညာရှင် အမည်ခံယူထား သူတွေ အနေနဲ့ အစိုးရကို ပညာပေးဖို့ စဉ်းစားကြရမယ့် အစား တိုင်းတပါးကို ထွက်ခွာနေကြရတာကို ပြစ်တင်ပြောဆိုနေကြတာ ပညာရှင်လား၊ အစိုးရ အလိုတော်ရှိ ပညာရှင် အမည်ခံ လုပ်စားသူလား ဆိုတာ ကိုယ့်လုပ်ရပ်နဲ့ကိုယ် ပြန်ပြီး စဉ်းစားကြည့်ကြပါ။

ဒီနေ့ လူငယ်တွေ မညံ့ကြပါဘူး ဆိုတာ မှန်တယ် ၊ အင်တာနက်ကို အသုံးပြုပြီး ကမ္ဘာကြီးနဲ့ ရင်ဘောင်တန်းပြီး သတင်းတွေ ကြားသိရတာလည်း မှန်ပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ အင်တာနက်ကို သုံးစွဲသူ အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာကို တစ်ခုတော့ ထည့်သွင်းစဉ်းစားဖို့ မေ့သွားတယ်နဲ့ တူပါတယ်။ အဲဒီလို နိုင်ငံတကာက အသိပညာတွေ ၊ သတင်း အချက်အလက်တွေ ပိုမိုရရှိလေ၊ ကိုယ့်တိုင်းပြည်ကို ကိုယ်ရောက်ရှိနေတဲ့ တိုင်းပြည်လို ဖြစ်စေချင်တဲ့ ကျွန်တော်တို့ တတွေရဲ့ စေတနာကို ပညာရှင် အမည်ခံပြီး အရောင်ဆိုးပြနေတာ ပညာရှင်လား ။ ဟုတ်တယ် ၊ နိုင်ငံတကာ က သတင်းအချက် အလက် စာပေတွေ ၊ နည်းပညာတွေကို သင်ယူဖတ်ရှုရတဲ့ အကျိုးဆက်က အခု ကျွန်တော် ဒီစာကို ရေးသားရဲခြင်းပါဘဲ ။ မတရားတာကို ခေါင်းငုံ့ခံပေးဖို့ လမ်းညွှန် ပြသတာ ပညာရှင် မဟုတ် ။ အမှန်တရားကို ဆန့်ကျင်ဖို့ ပြောလိုက်တာ ပညာရှင် မဟုတ်ဘူး ။ အာဏာရှင် အစိုးရကို မတိုက်ခိုက်ဘဲ အချင်းချင်းတိုက်ခိုက်ဖို့ လမ်းညွှန်ပြသပေးတာ ပညာရှင် မဟုတ်ဘူး။ 

တကယ် သမိုင်း အမှန်ကို ဖော်ထုတ် ပြသချင်တယ်ဆိုရင် ဆရာအောင်သင်းလို နယ်လှည့်ပြီး စာပေဟောပြောပွဲတွေမှာ ဘယ်သူမှ မရေးသေးတဲ့ သမိုင်းအမှန်တွေကို ဖော်ထုတ်ပြပေးပါလို့ တောင်းဆိုပါရစေ။ သခင်ဘသောင်းနဲ့ ညီအစ်ကို တ၀မ်းကွဲ ဆရာအောင်သင်းတောင် သူ့အမျိုးကို အဓိကထားပြီး မချီးကြူးဘဲ ဗိုလ်ချုပ်အောင်ဆန်းကို ဖော်ထုတ် ချီးကြူး ပြောဆိုသွားတာပါ။ ဒါကိုဘဲ သခင်ဘသောင်းက ဗိုလ်ချုပ်အောင်ဆန်းထက် သာသယောင်ယောင် အတွေးအခေါ်တွေကို ချပြတာတော့ တကယ်မကောင်းပါဘူး။ ဆရာအောင်သင်း ဟောပြောပွဲတွေကိုလည်း လူတော်တော်များများ နားထောင်ဘူးပါတယ်။ သခင်ဆိုတဲ့ အမည် စတင် အသုံးပြုတာ သခင်ဘသောင်းမှန်ပါတယ် ။ ဒါပေမယ့် တိုင်းပြည် အကျိုးအတွက် တကယ်လုပ်ဆောင်ခဲ့တဲ့ နေရာမှာတော့ ဗိုလ်ချုပ်ကို မမှီပါဘူး လို့ ကျွန်တော် အာမခံပြီး ပြောရဲပါတယ်။ သမိုင်းမှာ ပုဂ္ဂိုလ်ရေးတွေ ထည့်တွေးပြီး ညှာတာစွာ သုံးသပ်လိုက်ရင် အနာဂတ်ကို သစ္စာဖောက်ရာ ရောက်တယ်လို့ မှတ်သားခဲ့ဘူး ပါတယ် ။

လက်ရှိ တတိယ နိုင်ငံတွေမှာ ပြည်ပြေးလို့ စွပ်စွဲပြောဆိုတာကို ခံနေကြရတဲ့ လူတွေက ဘာကြောင့် ပြည်ပနိုင်ငံတွေမှာ တိမ်းရှောင်နေရ တာလည်း၊ သူကိုယ်တိုင် မသိတာတော့ မဖြစ်နိုင်ပါဘူး ၊ အစိုးရ အလိုကျ သိသိကြီးနဲ့ ချိုးနှိမ်ပြီး ရေးသားနေတာပါ။ သူတို့တွေဟာ မြန်မာပြည်မှာ ဒီမိုကရေစီ လမ်းဖောက်ဖို့ ကြိုးစားခဲ့ကြလို့ အာဏာရှင် တိုင်းပြည်ကို တည်ဆောက်ချင်တဲ့ လူတွေက မတရားဖမ်းဆီး နှိပ်စက်တာကို မခံရအောင် ခတ္တ တိမ်းရှောင်နေရတဲ့ လူတွေပါ။ ကျွန်တော် သိသလောက် အမှန်အတိုင်း ပြောရရင်တော့ မတရားမှုကို ခေါင်းငုံ့ သီးမခံနိုင်လို့ အာဏာရှင်တွေကို တိုက်ပွဲဝင်ခဲ့တဲ့ လူတော်တော်များများ ထောင်ထဲမှာနဲ့ ပြည်ပ နိုင်ငံတွေမှာပါ။ အခုကြတော့ ပြောင်းပြန် ဗျာ အစိုးရ လက်သုံးစကားတွေကို ဖောဖော သီသီအသုံးချ ပြည်ပရောက် ဒီမိုကရေစီ လုပ်ရှားသူတွေကဘဲ မြန်မာ့နိုင်ငံရေးကို ရန်တိုက် ပေးနေသလိုလို အတွေးအခေါ်တွေ တင်ပြလာတာကို တွေ့ရတော့ တကယ် ရင်နာမိပါတယ်။ လုပ်ရှားသူတွေကြားမှာ လုပ်စားသူတွေ ရှိတာ မှန်ပါတယ်၊ အဲဒီလိုဘဲ အာဏာရှင် အသိုင်းအ၀ိုင်းမှာလည်း အမှန်တရားကို ချစ်မြတ်နိုးသူတွေ အများကြီးပါ ။ 

ပြည်ပကို ရောက်မှ နိုင်ငံရေး စတင်လုပ်ကြတာ မဟုတ်ပါဘူး၊ ပြည်တွင်းမှာ စစ်မှန်တဲ့သတင်း၊ သမိုင်းဖြစ်ရပ်မှန်၊ အသိပညာပေးဆောင်းပါးတွေကို လေ့လာခွင့် မရတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေဟာ အမှန်တရားကို သိလာတဲ့ အချိန်မှာ ကိုယ်သိသလို သူများတွေလည်း သိပါစေဆိုတဲ့ ဆန္ဒတွေနဲ့ စတင် လုပ်ဆောင်လာ ကြတာပါ ။ ကျွန်တော် ကိုယ်တိုင် နအဖ မီဒီယာတွေ နဲ့ ၂၇ လုံးလုံး ကြီးပြင်းလာခဲ့ရတာပါ။ ပါပီမလို ဇာတ်ကားမျိုးကို အဟုတ်ထင်ခဲ့တယ့် ။ ABSDF ကို အကြမ်းဖက် သောင်းကျန်းသူလို့ ယူဆမိခဲ့တယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို သူပုန်လို့ ထင်မိခဲ့တယ်။ ဒါတွေဟာ တကယ့်အမှန်တရားကို ပြောင်းပြန်ပြောဆိုထားတဲ့ နအဖ မီဒီယာတွေနဲ့သာ ထိတွေ့ဆက်ဆံခဲ့ရလို့ ရရှိလာတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေပါ။ အခု နိုင်ငံခြား တိုင်းပြည်ကိုရောက် သမိုင်း ဖြစ်ရပ်မှန်တွေ ဖတ်ရှု သတင်း အစစ်အမှန်တွေ ကြားသိခွင့်ရမှ နိုင်ငံအရေးကို ပိုမိုစိတ်ဝင်စား လာတာပါ ။

ကိုယ့်နိုင်ငံက အစိုးရ မကောင်းတာ ပြည်တွင်းမှာဘဲ ခံစားနေရတယ်လို့ ထင်နေကြရင် ထပ်မှားအုံးမယ်။ ဒီနေ့ နိုင်ငံတကာမှာ မြန်မာလူမျိုး  ဆိုတာအင်မတန် မျက်နှာငယ်နေရပါပြီ ။ အရည်အချင်း ချင်းတူရင်တောင် မြန်မာနိုင်ငံသားဆို နှိမ်ထားတတ်ကြတာ အလုပ်ရှင်တိုင်းရဲ့ သဘောထားပါ ။ ဘာဖြစ်လို့လည်း မြန်မာနိုင်ငံသားတွေဆီက တရားဝင် အခွန်ယူနေကြတဲ့ သံရုံးဆိုတာ အလုပ်သမား ပြဿနာတွကို စိတ်မ၀င်စား ကြဘူးလေ။ အခွန်ပေးချင်ရင်တောင် ခခယယနဲ့ တောင်းပန်ပြီး ပေးနေကြရတာကို နိုင်ငံတကာကလူတွေ သိနေကြတယ်။ လက်ရှိအာဏာရှင်တွေ အုပ်စိုးသမျှ မြန်မာနိုင်ငံသားတွေ ပြည်တော် မပြန်နိုင်တာကို သိနေကြတော့ ၀ိုင်းပြီး အနှိမ်ခံ နေရတာကို အသည်းနာ လွန်းလို့ ကိုယ့်တိုင်းပြည် တိုးတက်စေချင်တဲ့စေတနာနဲ့ ကိုယ့်ထမင်းကိုယ်စားပြီး နိုင်ငံရေး လုပ်တာ အပြစ်လား ။ ပြည်ပရောက်မှ ဒီမိုကရေစီ လှုပ်ရှားမှုကို စတင်လာကြတာ ကျွန်တော်တို့ အမှားလား။ အမှားဆိုတာကို သိတဲ့ အချိန်က စပြီး အမှားကို ကျောခိုင်းခဲ့ပြီး အမှန်တရားကို ဦးထိပ်ထားခဲ့တာ မြတ်ဗုဒ္ဓရဲ့ လမ်းညွှန်ချက်မဟုတ်ဘူးလား ။ 

အရင်က ဘာသာရေး မိတ်ဆွေတွေနဲ့ တွေ့တိုင်း ကျွန်တော်ကို နိုင်ငံရေးဘက် ဘာကြောင့် ပြောင်းသွားတာလည်း တော်တော်များများက မေးကြပါတယ်။ မြတ်ဗုဒ္ဓရဲ့ လမ်းညွှန်ချက်ကြောင့် လူဖြစ်ရခြင်းရဲ့ ရည်ရွယ်ချက်ကို နားလည် သဘောပေါက်လာမိတယ်။ လူဖြစ်ရခြင်းရဲ့ ရည်ရွယ်ချက်ကို သဘောပေါက် လာတော့ လူပီသချင်လာတယ် ။ လူရယ်လို့ ဖြစ်လာရင် ကိုယ်ကျိုးအတ္တထက် အများအကျိုးကို ရှေးရှုပါလို့ မြတ်ဗုဒ္ဓက လမ်းညွှန်ပြသခဲ့တာ တရားတော်များမှာ အထင်အရှား ရှိပါတယ် ။ ဒါကြောင့် ငါဆိုတဲ့ ကိုယ်ကျိုးအတ္တကို ရှေ့တန်းတင်ပြီး အာဏာရှင်တွေ အလိုကျ အသုံးတော်ခံ ဘ၀တော့ ဘယ်တော့မှ အရောက်မခံတော့ဘူးလို့ ဆုံးဖြတ်ထားတယ် ။ ဒါကြောင့် နိုင်ငံရေး လုပ်တာပါလို့ ပြန်ဖြေပေးမိပါတယ်။ အဲဒီတော့ နိုင်ရာတာဝန်ကို ထမ်းတဲ့အနေနဲ့ ကိုယ်သိထားသမျှကို အများကိုလည်း သိစေချင်တယ်။ မြန်မာနိုင်ငံသားတွေ လူပီသစေချင်တယ်။ သူရဲကောင်း စိတ်ဓါတ်တွေ မွေးမြူးစေချင်တယ်။ ကိုယ်ကျိုးစွှန့် အနစ်နာခံခဲ့တဲ့ ခေါင်းဆောင်တွေကို လေးစားချစ်ခင် မြတ်နိုးစေချင်ပါတယ်။ လူဖြစ်ရတဲ့ ခဏတာလေးမှာ လူပီသအောင် နေထိုင်ချင်တဲ့ လူတွေများလာရင်၊ လူဖြစ်ရခြင်းရဲ့ ရည်ရွယ်ချက်တွေ သဘောပေါက်လာတဲ့ လူတွေ များလာရင် ကျွန်တော်တို့ တိုင်းပြည် မကြာခင် အာဏာရှင် စနစ်ဆိုးအောက်က လွတ်မြောက်ပြီး စစ်မှန်တဲ့ဒီမိုကရေစီ နိုင်ငံတည်ဆောက်နိုင်မှာ အသေအချာပါ။ ဒါကြောင့် မြန်မာနိုင်ငံသား အားလုံး လူပီသအောင် နေထိုင်ကြပါစို့လို့ လေးစားစွာ တိုက်တွန်း နိုးဆော်လိုက် ရပါတယ်။


Ref: pvamas.blogspot.com

Views: 76

© 2024   Created by Zomi Community Network.   Powered by

Badges  |  Report an Issue  |  Terms of Service