Activity
Blogs
Photos
Discussions
My Page
Groups
Forum
Groups
Events
Members
IT Blog
Desktop View
Sign In
0
ZOMI & POLITICS
23 members
Description
Zomi te in politics kithupi sim zo nailo in ka mu hi. Bang ci leng politics kilunglut thei ding hiam? Zomi leh politics pen nang koici na muh hiam? kikum suksuk lo dia?
Comments
Discussions
Members
အဆုံးမရှိသော ကြားကာလ
by
§ʋѦ¶♪Δиɢ
Oct 26, 2010
အဆုံးမရှိသော ကြားကာလ
ဦးအောင်ခင် / ၂၅ အောက်တိုဘာ ၂၀၁၀
အာဏာရှင်စနစ်အောက်မှာ နိုင်ငံရေးလုပ်ခွင့် ပေးလိုက်လို့
ရရှိလာတဲ့အခွင့်အလမ်းလေး အနည်းငယ်ကို အသုံးပြုနိုင်တဲ့အတွက် နောက်ပိုင်းမှာ
တဖြည်းဖြည်း အများဆန္ဒလိုက်လျောရတဲ့အဖြစ် ရောက်လာကြပုံကို ပညာရှင်တွေ
သုံးသပ်တင်ပြကြတယ်။ အကန့်အသတ်နဲ့ ရွေးကောက်ပွဲကျင်းပပေးပြီး လွှတ်တော်ကို
အကန့်အသတ်နဲ့ လုပ်ပိုင်ခွင့်ပေးတာကို ဒီမိုကရေစီအသွင်ကူးပြောင်းရေး
နိဒါန်းအဖြစ် သတ်မှတ်သူတွေလည်း ရှိတယ်။ ဒါပေမယ့် ဒီမိုကရေစီကိုမရဘဲ
အဆုံးမရှိတဲ့ ကြားကာလမှာ သောင်တင်နေပုံကို ၂၁ ရာစု နိုင်ငံရေး စာပေမှာ
အများကြီး တွေ့နိုင်တယ်။ အနှစ်အစိတ် (၁၉၇၅-၂၀၀၀) က အစိုးရပုံစံ (၁၃၅) ခုကို
လေ့လာကြည့်တဲ့အခါ ပါတီစုံရွေးကောက်ပွဲကျင်းပတိုင်း အာဏာရှင်စနစ်
အခြေယိုင်သွားတာမဟုတ်ကြောင်း တွေ့ရတယ်လို့ Jason Brownlee ဆိုသူ ၂၀၀၄
ဇွန်လက Princeton တက္ကသိုလ်မှာ တင်သွင်းတဲ့ (၂၈၇) မျက်နှာ ပါရဂူဘွဲ့ကျမ်းမှာ
ဖော်ပြထားတယ်။
ကျမ်းအမည်က Durable Authoritarianism in the Age of Democracy ဖြစ်တယ်။ ဒီကျမ်းကိုပဲ ၂၀၀၇ မှာ Cambridge
တက္ကသိုလ်ပုံနှိပ်တိုက်က စာအုပ်အဖြစ် ပထမအကြိမ်ထုတ်ဝေတယ်။ စာအုပ်ကို
မ၀ယ်ဖြစ်သေးလို့ မူရင်းပါရဂူဘွဲ့ ကျမ်းကိုသာအခြေခံပြီး ရာသက်ပန်ကြားကာလ
သဘောကို တင်ပြပါမယ်။ စာအုပ်အမည်မှာ Durable ဆိုတဲ့ စာလုံးသာ မပါတာကြောင့်
မူရင်းကျမ်းနဲ့ မကွဲပြားဘူးလို့ ယူဆရတယ်။ အသက် (၃၆) နှစ်သာရှိသေးတဲ့
လူငယ်ပညာရှင်ပဲ။ Austin မြို့ Texas တက္ကသိုလ်မှာ တွဲဖက်ပါမောက္ခလုပ်နေတယ်။
၁၉၇၅-၂၀၀၀ ကာလမှာ အာဖရိက (၄၄) နိုင်ငံဟာ
အာဏာရှင်စနစ်ဆက်လက်ကျင့်သုံးနိုင်အောင် စီစဉ်တဲ့ ရွေးကောက်ပွဲတွေ
ကျင်းပခဲ့တာကြောင့် ပုံမှန်ဒီမိုကရေစီမှာလို အစိုးရ ပြောင်းလဲဖို့
အလားအလာမရှိဘူးလို့ ဆိုတယ်။
နိုင်ငံပေါင်း (၁၅၁) နိုင်ငံကို လေ့လာတဲ့အခါမှာ လစ်ဘရယ်ဒီမိုကရေစီ (၃၆) နိုင်ငံ၊
ရွေးကောက်ပွဲဒီမိုကရေစီက (၃၂) နိုင်ငံ၊ ရွေးကောက်ပွဲအာဏာရှင်စနစ်က (၅၈)
နိုင်ငံ၊ အာဏာရှင်စနစ်က (၂၅) နိုင်ငံရှိကြောင်း သိရတယ်။ လွန်ခဲ့တဲ့အနှစ်
(၃၀) အတွင်းမှာ ပြည်သူ့မဲဆန္ဒကောက်ယူတဲ့ နိုင်ငံရေးလှုပ်ရှားမှု
များလာတာကြောင့် ရွေးကောက်ပွဲအာဏာရှင်စနစ် ကျင့်သုံးတဲ့နိုင်ငံက
အများဆုံးဖြစ်နေတာပါပဲ။ မဲလိမ်မှု၊ အကျပ်ကိုင်မှု၊ ခြိမ်းခြောက်မှုတွေကို
အသုံးပြုပြီး ရွေးကောက်ပွဲမှာ အမြဲတမ်းအနိုင်ရနေအောင် လုပ်တဲ့ နည်းပါပဲ။
ရှုံးရင်လည်းနိုင်ရမယ်လို့ ဗမာစစ်ဗိုလ်တွေ ပြောလေ့ရှိတဲ့ နည်းဖြစ်တယ်။
ရွေးကောက်ပွဲ ကျင်းပပေမယ့် ဒီမိုကရေစီအသွင်းကူးပြောင်းတဲ့လမ်းကြောင်းကို
ရောက်မသွားဘဲ ‘ရွေးကောက်ပွဲအာဏာရှင်’ စနစ်ဆိုတဲ့ ကြားကာလမှာ ရာသက်ပန်
သောင်တင်နေပုံကို ဆန်းစစ်ထားတာပါပဲ။
အာဏာရှင်စနစ် သက်ဆိုးရှည်နေတာဟာ ရွေးကောက်ပွဲနဲ့မဆိုင်ဘဲ အုပ်ချုပ်ရေးအဖွဲ့အစည်းနဲ့
အုပ်ချုပ်ပုံဓလေ့အပေါ်မှာ မူတည်တယ်လို့ ဆိုတယ်။ အာဏာရပါတီက ရွေးကောက်ပွဲကို
ချုပ်ကိုင်ပြီး အမြဲတမ်းအာဏာရအောင် လုပ်ပုံကို အီဂျစ်၊ အီရန်၊ မလေးရှားနဲ့
ဖိလစ်ပိုင် နိုင်ငံတွေ ဥပမာပေးထားတယ်။ ရွေးကောက်ပွဲကျင်းပတိုင်း
အာဏာလွှဲပေးစရာမလိုဘူးလို့ မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီရာက
ရွေးကောက်ပွဲကြောက်တဲ့ ဗမာစစ်ဗိုလ်တွေကို ပြောဖူးတယ်။
ဖိနှိပ်ချုပ်ချယ်နေတုန်း အကန့်အသတ်နဲ့ ရွေးကောက်ပွဲ ကျင်းပပေးလိုက်တဲ့အတွက်
အတိုက်အခံနဲ့အာဏာရအဖွဲ့ဝင် ပူးတွဲလုပ်ဆောင်နိုင်တဲ့ အခွင့်အလမ်း
ပေါ်လာတာကြောင့် အာဏာရှင်စနစ် သက်ဆိုးရှည်သွားတယ်လို့ ဆိုတယ်။
စစ်အေးခေတ်ကုန်ခါစ အာဏာရှင်စနစ်တွေ ကျဆုံးသွားရတဲ့ အကြောင်းရင်းတွေထဲမှာ အပြည်ပြည်ဆိုင်ရာ
ဖိအားပေးမှုတွေလည်း ပါဝင်ခဲ့တယ်။ အခုလည်း ဒီလိုဖိအားပေးမှုတွေ ရှိနေပေမယ့်
အာဏာရှင်စနစ် သက်ဆိုးရှည်နေတာ တွေ့ရတယ်။ ဟန်ပြ ရွေးကောက်ပွဲ
ကျင်းပပေးတဲ့အတွက် အာဏာရအုပ်စုအတွက် နိုင်ငံခြားဆက်ဆံရေးအဆင်ပြေသွားတယ်။
အာဏာရှင်စနစ် တည်မြဲမှုဟာ ပါတီစုံ ရွေးကောက်ပွဲနဲ့မဆိုင်ဘဲ တိုင်းပြည်မှာ
ကျင့်သုံးနေတဲ့ အဖွဲ့အစည်းစနစ်တွေနဲ့သာ ဆိုင်တာတွေ့ရတယ်တဲ့။
တပါတီလက်ဝါးကြီးစနစ်ဟာ အားအကောင်းဆုံးဖြစ်နေတာ တွေ့ရတယ်တဲ့။
ရွေးကောက်ပွဲကျင်းပပြီး အာဏာရှင်စနစ် သက်ဆိုးရှည်အောင်လုပ်တဲ့နည်းမှာ ရွေးကောက်ပွဲကို
ချုပ်ကိုင်ပုံဟာ အဓိကကျတယ်။ သတင်းမီဒီယာ ခြယ်လှယ်မှု၊ မဲလိမ်မှု၊ မဲဝယ်မှုနဲ့
ခြိမ်းခြောက်မှုတွေ အမြဲတမ်းရှိနေတဲ့ ရွေးကောက်ပွဲတွေပါပဲ။
အစိုးရလုံခြုံရေးတပ်ဖွဲ့က အစိုးရပါတီအနိုင်ရအောင် တိုက်ရိုက်စွက်ဖက်တာမျိုး
ရှိသလို စာနယ်ဇင်းရဲ့ပံ့ပိုးမှုနဲ့ အစိုးရရဲ့ ကမကထလုပ်မှုကြောင့် ဆန္ဒမဲကို
လွှမ်းမိုးနိုင်တာလည်း ရှိပါတယ်။ ဒီလိုလုပ်နည်းကိုင်နည်း ကွဲပြားပေမယ့်
အတိုက်အခံကို နာလန်မထူနိုင်အောင် လုပ်နိုင်ကြတယ်လို့ဆိုတယ်။ အစိုးရအာဏာစက်
ထိရောက်တဲ့နေရာတွေမှာ အစိုးရကို ထောက်ခံဖို့ များတာကြောင့်
မဲလိမ်စရာမလိုပေမယ့် အစိုးရအရှိန်အ၀ါ နည်းပါးတဲ့ နေရာတွေမှာတော့ အစိုးရပါတီ
အနိုင်ရအောင် မဲလိမ်လေ့ရှိတယ်တဲ့။ ဒါကြောင့် ရွေးကောက်ပွဲ ကျင်းပပေမယ့်
အာဏာရှင်ဓလေ့ကို နိဂုံးမချုပ်နိုင်ဘဲ ဖြစ်နေရတယ်လို့ Jason Brownnee က
သုံးသပ်တယ်။
California(LA) တက္ကသိုလ် နိုင်ငံရေးသိပ္ပံပါမောက္ခ Barbara Geddes ဟာ ၁၉၈၆ မှာ
ပါရဂူဘွဲ့ရသူဆိုတော့ ရွေးကောက်ပွဲကျင်းပပြီး
အာဏာရှင်စနစ်ထူထောင်တဲ့အကြောင်း၊ သုတေသနလုပ်လာတာ နှစ်ပေါင်းအတော်ကြာပြီ။
သူကလည်း နိုင်ငံပေါင်း (၁၇၂) နိုင်ငံကိုလေ့လာပြီး အာဏာလက်လွှတ်ရဖို့
အလားအလာမရှိဘဲ ရွေးကောက်ပွဲကျင်းပကြတဲ့ အာဏာရှင်တွေအကြောင်း စာတမ်းတွေ
ရေးတယ်။ တနည်းဆိုရင် လူထုဆန့်ကျင်မှုနဲ့ ပြည်ပက ဖိအားပေးမှုဆိုတဲ့
အန္တရာယ်နှစ်ခုကို ရင်မဆိုင်ရဘဲ ရွေးကောက်ပွဲ ကျင်းပပေးတဲ့
အာဏာရှင်တွေအကြောင်း သုတေသနလုပ်ထားတာမို့ မြန်မာ့အခြေအနေနဲ့
နှုန်းယှဉ်လေ့လာနိုင်တယ်။ ဒီရွေးကောက်ပွဲဟာ
အစိုးရအပြာင်းအလဲလိုပ်ဖို့မဟုတ်ဘဲ အာဏာရှင်စနစ် တည်မြဲရေးနဲ့ အာဏာရှင်
သက်ဆိုးရှည်ရေးအတွက်သာ ကျင်းပတာဖြစ်တယ်။
ပုံမှန်ရွေးကောက်ပွဲကျင်းပတဲ့ အာဏာရှင်တွေဟာ မကျင်းပသူတွေထက် ရေရှည်ခံနိုင်တယ်လို့ ဆိုတယ်။
ပုံမှန်ရွေးကောက်ပွဲကျင်းပတဲ့ တပါတီစနစ် (တရုတ်၊ ဗီယက်နမ်၊ လာအို) နဲ့
တပါတီလက်ဝါးကြီးအုပ်စနစ် (ကမ္ဘောဒီးယား၊ မလေးရှား၊ စင်ကာပူ) တွေဟာ
စစ်အာဏာရှင်စနစ်ထက် သက်ဆိုးရှည်တာ တွေ့ရတယ်။ ရေရှည်အုပ်စိုးနိုင်ဖို့
ရည်ရွယ်ပြီး အာဏာရှင်တွေက ပါတီတည်ထောင်ပြီး ရွေးကောက်ပွဲ ကျင်းပကြတယ်။
ပါတီတည်ထောင်ပြီး ရွေးကောက်ပွဲကျင်းပတဲ့အတွက် အာဏာရှင်စနစ်ကို တရားဥပဒေအရ
တည်ဆောက်လိုက်သလိုဖြစ်သွားတာကြောင့် စစ်အာဏာသိမ်းမယ့်အန္တရာယ်ကို
ရင်မဆိုင်ရတော့ဘူးလို့ ဆိုတယ်။ စစ်အာဏာရှင်တွေ အကြောက်ဆုံးဟာ
အရပ်သားအတိုက်အခံမဟုတ်ဘဲ စစ်အာဏာသိမ်းမှုဖြစ်တာမို့ စစ်အာဏာမသိမ်းနိုင်အောင်
ဥပဒေပြုပြီး အတိုက်အခံပါတီတွေ ပြိုင်ဆိုင်ကြသလို၊ အာဏာရပါတီတွေထဲမှာလည်း
ပြိုင်ဆိုင်ခွက်စောင်းခုတ်ကြတာတွေ ရှိတယ်။ ပြိုင်ဆိုင်ခွင့်
ပေးလိုက်တာကြောင့် လက်အောက်ခံအရာထမ်းရဲ့ လုပ်ရည်ကိုင်ရည်ကို
ခေါင်းဆောင်ပိုင်းက အကဲခတ်ခွင့်ရသွားတယ်။ ခေါင်းဆောင်ဖြစ်ဖို့
အလားအလာရှိမယ့် လူသစ်တွေကိုလည်း ရွေးကောက်ပွဲက မွေးထုတ်နိုင်တယ်။
ထိပ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ အကျပ်အတည်းပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်တယ်။
အောက်ပိုင်းအမှုထမ်းတွေ အမြဲတမ်းတက်ကြွနေအောင်လည်း ရွေးကောက်ပွဲက
ဖန်တီးနိုင်တယ်လို့ ဆိုတယ်။ ရွေးကောက်ပွဲမှာ ပြိုင်ဆိုင်မှုမရှိဘူးဆိုရင်
အာဏာရပါတီကို အချောင်သမားတွေ လှိမ့်ဝင်လာကြမှာဖြစ်လို့
ပါတီအောက်ခြေပိုင်းမှာ ယိုယွင်းပျက်စီးဖို့သာ ရှိတော့တယ်တဲ့။ ဒါကြောင့်
ပြိုင်ဆိုင်မှု အနည်းအကျဉ်းလောက် ခွင့်ပြုတာဖြစ်ကြောင်း Barbara Geddes က
သုံးသပ်တယ်။
သူတို့ရဲ့ လေ့လာသုံးသပ်ချက်ကိုကြည့်ရင် ကြပ်ပြေးသန်းရွှေတို့အုပ်စုဟာ ကုလသမဂ္ဂနဲ့ အပြည်ပြည်ဆိုင်ရာ ဖိအားပေးမှုကို
ဘာကြောင့် ကဏ္ဍကောစလုပ်ပြီး မဆုံးနိုင်တဲ့ကြားကာလ တည်ဆောက်နေတယ်ဆိုတာ
သိသာတယ်။ ‘ငါ့လိုလူမျိုးအများကြီးဟေ့’ ဆိုတာ ကြပ်ပြေးရဲ့ ကြွေးကြော်သံပါပဲ။
ကြပ်ပြေးအုပ်စုဟာ နှစ်ပေါင်းအတော်ကြာ အချိန်ယူလေ့လာပြီးမှ လက်တွေ့လုပ်ဖို့
စီစဉ်တာ ဖြစ်ပုံရတယ်။ လူထုဆန္ဒကောက်ယူပွဲနဲ့ ပြိုင်ဆိုင်မှု
အနည်းအကျဉ်းရှိတဲ့ ရွေးကောက်ပွဲဟာ ကွဲပြားတယ်။ ပြိုင်ဆိုင်မှုရှိတော့
စိုးရိမ်စရာလေးတွေလည်း ရှိတာပေါ့။ လာမယ့် ရွေးကောက်ပွဲဟာ ကြပ်ပြေးအပ်စု
တွက်သလို ဖြစ်လာရင် ရွေးကောက်ပွဲကို ကြောက်တော့မှာမဟတ်ုဘူး။ အာဏာရှင်နဲ့
ရွေးကောက်ပွဲတွေအကြောင်း လေ့လာထားတဲ့ နိုင်ငံရေးစာပေ အများပြားရှိတယ်။
ဒီစာပေတွေကို မြန်မာလူငယ်တွေ လေ့လာပြီး မြန်မာလိုရေးကြမယ်ဆိုရင်
မြန်မာပြည်သူပြည်သားတွေကို ကူညီရာရောက်ပါတယ်ခင်ဗျာ။ ။
Ref: khitpyaing.org
Cancel
ZOMI & POLITICS
23 members
Description
အဆုံးမရှိသော ကြားကာလ
by §ʋѦ¶♪Δиɢ